ရက်ကန်းသမလေး ရွှေယမင်း
ဟိုးရှေးရှေးတုန်းက အင်းအိုင်ကန်ကျယ်ဘေးနားမှာ ကပ်ပြီး တည်ထားတဲ့ ရွာလေးတစ်ရွာ ရှိသတဲ့။ ထိုရွာလေးရဲ့ အစွန်အဖျား၊ အင်းအိုင်ကန်ကြီးရဲ့ ကမ်းနံဘေးက မေးတင်ထားသော ခြေတံရှည် သစ်အိမ်လေး တစ်လုံးမှာ မောင်ပြည့်စုံ ဆိုတဲ့ လူငယ်လေး တစ်ယောက် ရှိသတဲ့။ နာမည်ကသာ “ပြည့်စုံ” လို့ တွင်ပေမယ့် မောင်ပြည့်စုံလေးရဲ့ဘဝ အစတည်းက မပြည့်စုံခဲ့ရှာပါဘူး။ သူ့ကို မွေးဖွားစဉ်မှာပဲ သူ့ရဲ့ မိခင်ဟာ ကွယ်လွန်ခဲ့တာကြောင့် ငယ်စဉ်တည်းက မိခင်မရှိဘဲ ဖခင်ဖြစ်သူ လက်သမားကြီးနဲ့သာ ကြီးပြင်းခဲ့ရတယ်။ သည့်အပြင် သူ့အသက် ၁၃နှစ်အပြည့်မှာပဲ ဖခင်ဖြစ်သူဟာ တောင်ပေါ်မှာ သစ်ခုတ် ဝါးခုတ် သွားရင်း မြွေကိုက်လို့ ဆုံးပြန်တယ်။ ဒီလိုအဖြစ်တွေကြောင့်လည်း ရွာကလူတွေဟာ မောင်ပြည့်စုံလေးဟာ ကံကြမ္မာဆိုးနဲ့အတူ ရောက်ရှိလာသူပဲလို့ ယူဆကြပြီး ဘယ်သူကမှ သူ့ကို မမွေးစားလိုကြဘူး။ အဲဒီတည်းက စပြီး မောင်ပြည့်စုံလေးက ရွာထဲမှာ ရေဆွဲ၊ ဝါးခုတ်၊ ထင်းခုတ်၊ လက်တိုလက်တောင်း လိုက်ကူပေးရင်း သက်မွေးဝမ်းကျောင်း ပြုခဲ့ရတယ်။ ရွာထဲမှာ အလုပ်မရှိတဲ့ အခါများမှာ ကန်ကြီးထဲမှာ ဝါးတံလေးနဲ့ ငါးမျှားပြီး ဝမ်းအာဟာရ ဖြည့်လေ့ရှိတယ်။ ဆွေမျိုးသားချင်းလည်း မရှိ၊ တစ်ကောင်ကြွက်ဘဝ ရောက်နေပေမယ့် မောင်ပြည့်စုံလေးဟာ သူ့ဘဝကို သူရောင့်ရဲစွာနဲ့ အေးအေးလူလူ ကောင်းစွာ ရှင်သန် ဖြတ်သန်းနေနိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ နေလာရင်း မောင်ပြည့်စုံ အသက် ၂၀ပြည့်သော တစ်ညမှာ မိုးသက်လေပြင်း အကြီးအကျယ် တိုက်ခတ်ပါတယ်။ ချမ်းအေးလွန်းတာကြောင့် မောင်ပြည့်စုံဟာ အိမ်ထဲမှာ မီးဖိုရင်း သူ့ရဲ့ အိမ်လေး လဲပြိုမသွားဖို့ စိတ်ထဲက ဆုတောင်းနေတယ်။ မောင်ပြည့်စုံက မီးဖိုဘေးမှာ သူ့လက်ဝါးနှစ်ဘက်ကို ပွတ်ရင်း “ကျွန်တော့်ဘဝမှာ ကံဆိုးမိုးမှောင်မှုတွေနဲ့ပဲ ပြည့်နှက် နေခဲ့တယ်၊ ဒီတစ်ခါတော့ ကံကောင်းခွင့်ပေးပါ” လို့ သူဟာ ရေရွတ်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ အိမ်တံခါးကို ဘုန်းခနဲ ဘုန်းခနဲ ၂ချက်ပုတ်သံ ကြားလိုက်ရတယ်။ “ဘယ်သူလဲ” လို့ မောင်ပြည့်စုံလေးက လှမ်းမေးလိုက်တယ်။ တစ်ဖက်က ဘာအသံမှ မပြုဘဲ နေလျက် နောက်ထပ် တံခါးကို ထပ်ပြီး ပုတ်တယ်။ “ဘုံး ဘုံး ဘုံး!!” မိုးကလည်း တအားသည်းနေတော့ သူ့အသံကို မကြားတာပဲ နေမယ်၊ ဒီအချိန်ကြီး ဘယ်သူများပါလိမ့် လို့ တွေးရင်း မောင်ပြည့်စုံဟာ တံခါးကို အသာအယာဟပြီး ဖွင့်ကြည့်လိုက်တယ်။ တံခါးကို ဖြေးဖြေးလေး ဟတာတောင် လေပြင်းတွေဟာ အိမ်ထဲကို တဟုန်ထိုး တိုးဝင်လာတယ်။ မောင်ပြည့်စုံက တံခါးကို အားနဲ့ တွန်းကာ ကိုယ်ဖြင့် ထိန်းထားပြီး အပြင်ကို ကြည့်လိုက်တယ်။ အပြင်မှာ မိန်းကလေးတစ်ယောက် ခေါင်းဆောင် ပုဝါ အနီလေးခြုံပြီး တကိုယ်လုံး မိုးရေများ စိုရွှဲစွာဖြင့် တုန်တုန်ယင်ယင် ရပ်နေတာကို တွေ့လိုက်ရတယ်။ မောင်ပြည့်စုံဟာ မိန်းကလေးကို သနားသွားပြီး လေပြင်းမုန်တိုင်းကျနေတဲ့ ကြားက အရဲစွန့်ကာ အိမ်တံခါးကို လူတကိုယ်ဝင်စာလောက် ဟပြီး အပြင်မှာ ရပ်နေတဲ့ မိန်းကလေးကို အိမ်ထဲ အမြန် ဆွဲခေါ် သွင်းလိုက်တယ်။ လေပြင်းတွေရဲ့ တွန်းအားကြောင့် အိမ်တံခါးကို ကိုယ်လုံးဖြင့် တွန်းကာ အားသုံးပြီး အတော်အတန် ကြာအောင် ပိတ်လိုက်ရတယ်။ တံခါးပိတ်ပြီးတော့ မောင်ပြည့်စုံ အိမ်ထဲကို ကြည့်လိုက်တော့ မိန်းကလေးဟာ မောင်ပြည့်စုံလေးရဲ့ အိပ်ရာမှာ ဝင်ကာ အိပ်ပျော်နေလျက် ရှိပါတယ်။ ခုနက စိုရွှဲလျက်ရှိခဲ့တဲ့ အဝတ်အစားတွေဟာလည်း ခြောက်သွေ့ နွေးထွေး နေတာကြောင့် မောင်ပြည့်စုံဟာ အံ့အားသင့်သွားတယ်။
သူ့ရဲ့ အိပ်ရာထက်မှာ မှေးစက်နေသော မိန်းကလေးရဲ့ အလှကို အခုမှ မောင်ပြည့်စုံ သေချာကြည့်နေမိတယ်။ မိန်းကလေးဟာ ခေါင်းဆောင်ပုဝါနီလေး ခြုံထားပြီး နှုတ်ခမ်းလေး၊ ပါးလေးများ နီရဲနေတယ်၊ သူ့ရဲ့ အသားမှာလည်း ဖြူသော်လည်း ရွှေလို ဝင်းလျက်ရှိတယ်။ အခန်းထဲက မီးဖို အလင်းတောင် မိန်းကလေးရဲ့ ကိုယ်ရောင်လောက် မဝင်းတောက်တော့သလိုပင်။ မိန်းကလေး၏ အလှကို မောင်ပြည့်စုံ ကြည့်နေရင်း မိန်းကလေးကို ချစ်ခင်နှစ်သက်သွားပါတယ်။ မိန်းကလေး နိုးတဲ့အထိ ထိုင်စောင့်ပြီး သူနဲ့ အတူနေဖို့ ချစ်ခွင့်ပန်မယ်လို့ မောင်ပြည့်စုံ ဆုံးဖြတ်ကာ မီးဖိုနံဘေးမှာ ထိုင်လျက် အိပ်ပျော်သွားတယ်။ နောက်နေ့မနက် မုန်တိုင်းစဲသော အခါ ထိုမိန်းကလေးဟာ အရင်ဦးစွာ နိုးလာပြီး မနေ့က လေပြင်းဝင်ပြီး ရှုပ်ပွနေသော အခန်းကို ရှင်းလင်းနေပါတယ်။ ထိုအချိန်မှာ မောင်ပြည့်စုံလည်း အသံကြားလို့ နိုးလာပြီး မိန်းကလေးကို ဘာကိုမှ မေးမနေတော့ဘဲ “ကျွန်တော့်ကို လက်ထပ်ပါ၊ ကျွန်တော့်အနားမှာပဲ နေပေးပါ”လို့ ဒူးထောက် တောင်းပန်လိုက်တယ်။ မိန်းကလေးကလည်း ခေါင်းညိတ်ကာ လက်ခံလိုက်ပါတယ်။
မိန်းကလေး၏ ထူးခြားချက်မှာ အသံမရှိခြင်းပင်။ ဒါပေမယ့်လည်း မောင်ပြည့်စုံ လိုသမျှကို နှုတ်က ပြောစရာမလိုဘဲ ဘာမဆို ဖြည့်ဆည်းပေး၊ လုပ်ကိုင်ပေးတတ်တယ်။ ရွှေအဆင်းနဲ့ မိန်းကလေးရဲ့ အမည်ကို မောင်ပြည့်စုံက “ရွှေယမင်း”လို့ မှည့်လိုက်ပြီး “ယမင်း”လို့ အတိုကောက် ခေါ်တယ်။ သူတို့ အတူနေပြီး တစ်လလောက်မှာ ယမင်းက ရက်ကန်းစင် ကို လက်ညှိုးထိုးကာ ဝယ်ပေးဖို့ တောင်းဆိုတယ်။ မောင်ပြည့်စုံက ဝယ်ပေးဖို့ ငွေကြေး မတက်နိုင်သဖြင့် သူကိုယ်တိုင် သစ်ခုတ်ပြီး ဆောက်ပေးပါ့မယ်၊ အချိန်စောင့်ရန် ပြောခဲ့တယ်။ မောင်ပြည့်စုံ ဆောက်ပေးတဲ့ ရက်ကန်းစင်လေး ရသောအခါ ယမင်းဟာ နေ့ဘက်တွေမှာ အိပ်ပြီး ညဘက်တွေမှာ ရက်ကန်းယက်ပါတယ်။ သူရက်ကန်းယက်ရာအခန်းကိုလည်း လုံးဝမကြည့်ဖို့ အခန်းတံခါးပိတ်လျက် ယက်ပါတယ်။ မောင်ပြည့်စုံ မနက်နိုးလာတိုင်း ပဒုံမာ ပိုးကြာ ချည်မျှင်လေးများနှင့် ရွှေကြိုးလေးများ ရောနှောထားသော လှပတဲ့ ရွှေပိုးထည်လေးများ ၂စုံ ၃စုံခန့်ကို ယမင်းက ပေးပါတယ်။ မောင်ပြည့်စုံအဖို့ အံ့ဩပေမယ့်လည်း ယမင်းက ပြန်မဖြေတတ်တာကြောင့် မမေးတော့ဘဲ ရွှေပိုးထည်များ များလာတဲ့ အခါတိုင်း မြို့ထဲ ရွာထဲမှာ သွားရောင်းပါတယ်။ ရွှေယမင်းရဲ့ ရွှေပိုးထည်လေးများရဲ့ လှပမှု၊ ခမ်းနားမှုက ထိုအရပ်ဒေသပါမက တိုင်းပြည့်အနှံ့ နာမည်ကြီး သတင်းမွှေးလာပြီး မောင်ပြည့်စုံလည်း နိုင်ငံကျော် ပိုးကုန်သည်ဖြစ်လာခဲ့ပါတယ်။ နိုင်ငံကျော် ပိုးကုန်သည် ဖြစ်လာတာကြောင့် မောင်ပြည့်စုံဟာ ခရီးတွေ သွားလိုက်၊ ရွှေယမင်းဆီ ပြန်လာလိုက်ဖြင့် အလုပ်တွေ တဖြေးဖြေး များလာပြီး သူဌေးပေါက်စလေး ဖြစ်လာပါတော့တယ်။
သူဌေးလေးဖြစ်စ မောင်ပြည့်စုံဟာ ပိုးထည်ကုန်ကူးတာကြောင့် ခရီးအသွားအလာ များလာသလို၊ အလုပ်သဘောအရ အသောက်အစား၊ အလောင်းကစားများဖြင့် အပျော်အပါး များလာခဲ့ပါတယ်။ တခါတရံ တစ်လမှ တစ်ခါသာ ရွှေယမင်းထံ ပြန်ရောက်ပြီး ပိုးထည်များ ထုပ်ပိုးပြီးတာ ၂ည ၃ည နားပြီးတာနဲ့ ထပ်ပြီး ခရီးဆက်ဖို့ တန်းပြင်ပါတယ်။ ယမင်းက မောင်ပြည့်စုံကို အိမ်မှာ နားနေစေလိုပါသော်လည်း မောင်ပြည့်စုံက အထည်မိတ်များ မပျက်စေလိုကြောင်း အကြောင်းပြပြီး မြို့အနှံ့ လည်ကာ ခရီးဆက်လေ့ရှိပါတယ်။ မောင်ပြည့်စုံ မရှိတဲ့ ညများမှာ ရွှေယမင်း တစ်ယောက်တည်း သီချင်းလေးဆိုကာ မညည်းညူဘဲ ရက်ကန်းယက်မြဲ ယက်ပေးပါတယ်။ တရံတခါလည်း ငိုညည်းရင်း သီချင်းသီကျူးသံကို အနီးအနားက လှေနဲ့ ဖြတ်သွားရင် ကြားရတက်ပါတယ်။ ထိုသို့ နေလာရင်း တစ်နှစ်လောက် ရှိလာချိန်မှာ ရွှေယမင်းမှာ ကိုယ်ဝန်ရှိလာပါတယ်။ မောင်ပြည့်စုံ မြို့က ပြန်လာတဲ့အခါမှာ ယမင်းက သူ့မှာ ကိုယ်ဝန်ရှိကြောင်း သူရဲ့ ဗိုက်ကို လက်ညှိုးထိုးကာ ပွတ်ပြပါတယ်။ ခြေဟန် လက်ဟန်ဖြင့် ရက်ကန်းယက်တာကိုလည်း နားမယ့်အကြောင်း ပြသောအခါ မောင်ပြည့်စုံက လက်မခံလိုပေ။ “ရက်ကန်းယက်တာ ရပ်လိုက်လို့ ဘယ်ဖြစ်မလဲ၊ အထည်တွေ လချုပ်၊ နှစ်ချုပ်နဲ့ လက်ခံထားတာ အများကြီးပဲ၊ ရပ်လိုက်လို့တော့ မဖြစ်ဘူး” လို့ မောင်ပြည့်စုံက လေသံမာမာဖြင့် ပြောပါတယ်။ ယမင်းလည်း ညှိုးငယ်စွာဖြင့် မောင်ပြည့်စုံကို မော့ကြည့်နေမိတယ်။ ခရီးအမြဲသွားနေသော မောင်ပြည့်စုံ၏ မျက်နှာကိုပင် တခါတခါ စိတ်ကူးနဲ့ပင် ပုံမဖော်နိုင်လောက်အောင် ဖြစ်မိတယ် မဟုတ်လား။ မျက်နှာငယ်စွာဖြင့် မော့ကြည့်နေသော ယမင်းကို မောင်ပြည့်စုံက ရင်ခွင်ထဲပွေ့သွင်းလိုက်ရင်း “လွယ်ထားတဲ့ ကလေးလည်း သက်သာအောင် အိမ်အသစ်မှာ ပြောင်းပြီး နေကြမယ်၊ အခုဆို အိမ်တစ်လုံးလည်း ကောင်းကောင်း ဝယ်နေနိုင်ပြီ၊ ရှာသမျှ ရသမျှ အားလုံးဟာ ငါတို့အတွက်ပဲမဟုတ်လား” လို့ ဆိုပါတယ်။ ထို့နောက် ရွှေယမင်းကို အိမ်အသစ်ကြီးမှာ ပြောင်းကာနေစေပြီး ရက်ကန်းကို ပုံမှန် ယက်မြဲ ယက်နေစေပါတယ်။ ယမင်းလည်း ရက်ကန်းကို ကိုယ်ဝန် နေ့စေ့ လစေ့သည်အထိ နေ့ရက်တိုင်း ရက်ကန်း ယက်ပေးခဲ့ပြီး မောင်ပြည့်စုံ မရှိချိန်မှာပဲ ရွာသူ ရွာသား အိမ်နီးနားချင်းများ အကူအညီဖြင့် ကလေးကို မွေးဖွားခဲ့ပါတယ်။
ခရီးကနေ မောင်ပြည့်စုံ ပြန်ရောက်သော် ရွှေယမင်းလက်ထဲမှာ သားငယ်လေးကို တွေ့ရပြီး အရမ်းပျော်ရွှင်သွားပါတယ်။ သည့်အခါမှာလည်း ယမင်းက ကလေးကို ပိုက်ပြပြီး ရက်ကန်း အလုပ်ကို နားဖို့ ခြေဟန်လက်ဟန်ဖြင့် လက်အုပ်ချီပြီး မောင်ပြည့်စုံကို ထပ်တောင်းဆိုပါတယ်။ ဒီအခါမှာလည်း မောင်ပြည့်စုံက အကြောင်းအမျိုးမျိုးပြကာ လက်မခံဘဲ အိမ်အကူ အိမ်ထိန်း ကလေးထိန်းများဖြင့် ကလေးကို ကြည့်စေကာ ရွှေယမင်းလေးကို ရက်ကန်းယက်ခိုင်းပါတယ်။ ရွှေယမင်းက ရက်ကန်း တစ်ညလောက် မယက်ရင်ကို မောင်ပြည့်စုံဟာ စိတ်ဆိုး မာန်ဆိုးဖြင့် အိမ်မှာရှိတဲ့ ပန်းကန်၊ ခွက်ယောက်များ ပစ်ပေါက်ခွဲပါတယ်။ ထိုအခါ ရွှေယမင်းက မျက်ရည်စက်လက်ဖြင့် ငိုကြွေးကာ ရက်ကန်းကို မယက်ချင်ဘဲ ယက်ရပါတယ်။ တစ်ညသော အခါမှာ ရွှေယမင်းရဲ့ သားငယ်လေးဟာ အပြင်းဖျားပြီး ငိုကြွေးပါတယ်။ ထိုအခါမှာ ရွှေယမင်းက သားငယ်ရှိသည့် အခန်းကို သွားကြည့်တဲ့အခါ မောင်ပြည့်စုံက ဝင်လာပြီး ရက်ကန်းယက်တဲ့ အခန်းဆီမှာ ပိတ်လှောင်ထားပါတယ်။ ရွှေယမင်းက ငိုယိုပြီး အခန်းတံခါးကို အကြိမ်ကြိမ်ထုကာ တောင်းဆိုသော်လည်း မောင်ပြည့်စုံက အခန်းတံခါးဝမှာ သူကိုယ်တိုင် ပိတ်လျက် စောင့်တယ်။ အိမ်ထိန်းများက ကလေးကို ချီလျက် ဘေးကနေ ဝင်ကူ ဖျောင်းဖြ တောင်းပန်သော်လည်း မောင်ပြည့်စုံမှာ လက်မခံပါ။ ခဏကြာသော် ရက်ကန်းစင် အခန်းတွင်းမှ ရွှေယမင်းက “ဒီတစ်ခါ ရှင့်ကို ကျွန်မ အဖိုးသိန်းထိုက်မက ပြည်တန်တဲ့ ရွှေပိုးထည် ဒီညအတွင်း ယက်ပေးမယ်၊ ယက်လို့ အချိန်စေ့ရင် ကျွန်မဆီကို ကလေးချီလျက် အခန်းထဲ ဝင်လာပေးပါ” လို့ စကားသံဖြင့် ပြောလိုက်တယ်။ ရွှေယမင်းရဲ့ စကားသံကို ပထမဆုံးကြားရ၍ မောင်ပြည့်စုံ အပါအဝင် အိမ်ထိန်းအကူများ အားလုံးလည်း အံ့အား သင့်သွားပါတယ်။ ဘယ်လောက်တောင်များ လှလိုက်မယ့် အထည်ဖြစ်မလဲ လို့ စိတ်ဝင်စားစိတ်ဖြင့် ရွှေယမင်း ရက်ကန်းယက်သံကို နားစွင့်ရင်း တစ်ညလုံး အခန်းဝမှာ ထိုင်စောင့်ကြပါတယ်။ နေမကောင်း ဖြစ်ကာ ငိုနေသော ရွှေယမင်းရဲ့ သားလေးပင် အငိုတိတ်၍ အိပ်ပျော်သွားပြီး မနက်လင်း အာရုဏ်ချိန်မှာ ရက်ကန်း ယက်သံ ရပ်သွားပါတယ်။ အခန်းထဲမှ တံခါးကို ၂ချက်လောက် ပုတ်သံ ကြားရသော် မောင်ပြည့်စုံနှင့် အိမ်ထိန်းများ အိပ်မှုန်စုံမွှား ဖြစ်ရာမှ သတိဝင်နိုးလာပါတယ်။ “ဝင်ခဲ့လို့ရပြီ၊ ကလေးချီပြီး ရှင် တစ်ယောက်ပဲ အရင်ဝင်လာပါ” လို့ ရွှေယမင်းက ပြောပါတယ်။ မောင်ပြည့်စုံလည်း ကလေးငယ်ကို ချီကာ အခန်းတံခါးကို ဖွင့်ဟလှပ်သော် မျက်လုံးများ ကျိန်းလောက်အောင် ရွှေရောင်များ အခန်းတွင်းမှ ဖြာထွက်လာပါတယ်။ မျက်လုံးများ ကျိန်းလို့ အခန်းတွင်းကို သေချာ မကြည့်နိုင်ခင် မောင်ပြည့်စုံ လက်ထဲမှ ကလေးငယ်ကို ရွှေယမင်းက ယူငင်ပြီး “လောဘကြီးတဲ့ ရှင့်ဆီမှာ ချစ်ခြင်းမေတ္တာနဲ့ မထိုက်တန်ဘူး” လို့ ပြောစကားသံကို အားလုံး ကြားလိုက်ရပါတယ်။ ထို့နောက် ရွှေရောင်အလင်းများ မှေးမှိန်ပြီး ကြိုးကြာခေါင်းနီငှက် တစ်ကောင်ဟာ ငှက်သားငယ်ကို ချီလျက် မိုးပေါ် တက်သွားတာကို မြင်လိုက်ရပါတော့တယ်။ ရက်ကန်းစင်အခန်းတွင်းမှာလည်း မည်သည့် အထည်မျှ မရှိနေပေ။
______________________________________________________________
ငယ်ငယ်က ဖတ်ဖူးတဲ့ ဂျပန်ပုံပြင်ထဲ နှင်းဖြူနတ်သမီးပုံပြင်ကို အင်းလေးဒေသအခြေခံပြီး ပြန်ပြင်ရေးထားခြင်းဖြစ်ပါတယ်။ အင်းလေး ဒေသမှာ ရှားပါးသွားပြီ ဖြစ်သော ရက်ကန်းယက်ခြင်းပညာ နှင့် ရှားပါးငှက်မျိုးစိတ်ဖြစ်သော ကြိုးကြာငှက်နီကိုလည်း အဓိက element အနေဖြင့် မွမ်းမံဖြည့်စွက်ထားပါတယ်။ အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးပါတယ်။